လူတစ်ယောက်ရဲ့ဘ၀ခရီးလမ်းအစက မူကြို၊ မူလတန်းဆိုတဲ့အရွယ်လေးတွေပါ။ အဲ့အချိန်လေးတွေဟာ သားသားမီးမီးတို့အတွက် ၀မ်းနည်းရတဲ့အချိန်၊ လူကြီးမိဘတွေအတွက် အခက်အခဲတွေ့ရတဲ့အချိန်တွေကြား သားသားမီးမီးတို့ ကျောင်းသွားဖို့ငြင်းဆန်တဲ့အချိ်န်က အဓိကပါ၀င်နေပါတယ်။ သားသားမီးမီးတို့က ကျောင်းသွားဖို့၀မ်းနည်းနေမယ်၊ အိမ်ကတစ်ယောက်ယောက်ကိုလွမ်းနေမယ်ဆိုရင် သေချာပေါက်ကျောင်းသွားဖို့ငြင်းဆန်တော့မှာပါ။
ဒီကိစ္စက လွယ်မယောင်နဲ့ခက်နေတယ်ဆိုတာ ကလေးတွေကိုစာသင်ကြားပေးနေတဲ့ ကျွန်မတို့အသိဆုံးပါ။ ဒါကြောင့် ဖေဖေမေမေတို့ရဲ့ သားသားမီးမီးလေးများ ကျောင်းသွားဖို့ငြင်းဆန်တာလေးတွေမဖြစ်စေဖို့အတွက် ကျွန်မတို့ရဲ့ဆရာမအလုပ်အတွေ့အကြုံကရတဲ့ အသိသုတလေးတွေကို မျှေ၀ပေးချင်ပါတယ်ရှင့်။ 👩‍🏫

📍 သက်ဆိုင်ရာကျောင်း activities တွေ၊ ဆရာ ဆရာမတွေရဲ့ ၀န်ဆောင်ဆက်ဆံပုံပေါ်မူတည်ပါတယ်။

သားသားမီးမီးတို့ရဲ့ ကလေးသဘာ၀အတိုင်း မိခင်ရင်ခွင်ကနေ သူစိမ်းရင်ခွင်ကို ခဏတာလွှဲပြောင်းပေးအပ်တာက သူတို့လေးတွေအတွက် အကြီးမားဆုံးအခက်အခဲဖြစ်တာမို့ အော်ဟစ်သောင်းကျန်းမှာတော့အမှန်ပါ။ (ကျွန်မကတော့နှစ်တိုင်းလိုလိုကြုံနေရတာပါ။ နောက်တော့လည်းကျောင်းချစ်သွားတော့ အိမ်တောင်အတင်းပြန်လွှတ်ရတယ်။)
ဆရာမတွေစီရောက်သွားရင်တော့ ကျောင်းရဲ့ activities တွေ၊ ဆရာမတို့ရဲ့ပြုမူပုံတွေ၊ သက်ဆိုင်ရာအခန်းဖော်သူငယ်ချင်းလေးတွေကြောင့် အချိန်ခဏလေးအတွင်း သူတို့ကိုပျော်ရွှင်လာစေမှာပါ။ ဒါကြောင့် လူကြီးမိဘတွေအနေနဲ့ ကျောင်းတစ်ကျောင်းရဲ့လုပ်ဆောင်မှုတွေအပေါ်ဂရုစိုက်စဉ်းစားပြီး ရွေးချယ်အပ်နှံစေချင်ပါတယ်။

📍 သားသားမီးမီးတို့ကို အချိန်ပေးပြီးဆွေးနွှေးပေးပါ။ ကတိများများပေးပါ။ ပေးတဲ့အတိုင်းတည်နိုင်အောင်လည်းကြိုးစားပေးပါ။

သားသားမီးမီးတို့ ကျောင်းမသွားခင် သူတို့စိတ်ခံစားမှုလေးတွေကိုမေးပေးပါ။ သွားချင်တဲ့နေရာလေးတွေကိုမေးပါ။ စားချင်တဲ့အရာလေးတွေကိုမေးပါ။ ကျောင်းဆင်းတဲ့အချိန်ကြရင် ၀ယ်ကျေွးမယ်၊ လိုက်ပို့မယ် စသည်ဖြင့်ကတိပေးပါ။ ကတိပေးတဲ့အတိုင်း တည်နိုင်အောင်လည်းကြိုးစားပေးပါ။

📍 မနက်သားသားမီးမီးတို့ကျောင်းမသွားခင် ကတိုက်ကရိုက်အမူအရာတွေမဖြစ်ပါစေနဲ့။🙅‍♀️🙅‍♀️🙅‍♀️🙅‍♀️

မနက်သားသားမီးမီးတို့ကျောင်းမသွားခင် မနက်စာအတွက်၊ ကျောင်း၀တ်စုံအပြင်အင်အတွက် ကြိုတင်စီစဉ်ထားပေးပါ။ သူတို့လေးတွေရှေ့မှာ ကတိုက်ကရိုက် အလောတကြီးလုပ်နေမိရင် သူတို့လေးတွေရဲ့ ကျောင်းမသွားချင်စိတ်ကိုဖြစ်ပေါ်လာစေနိုင်ပါတယ်။
မနက်စာကို သူတို့ကြိုက်တတ်တာလေးတွေပြင်ဆင်ထားပေးပါ။
သားသားမီးမီးတို့ကျောင်းမသွားခင် စိတ်မကြည်တဲ့အချိန်မျိုးကျ ဒါလေးတွေပြင်ဆင်ထားတာကလည်း ကြုံတွေ့ရတဲ့ အခက်အခဲတွေလျှော့နည်းစေမှာပါ။

📍 နေ့လည်နေ့ခင်းလာတွေ့ပေးပါ။

ကျောင်းတိုင်းရဲ့စည်းကမ်းစနစ်မတူတာတွေအပေါ်မူတည်ပြီး သားသားမီးမီးတို့ကို နေ့လည်နေ့ခင်းလာလာတွေ့ပေးပါ။ လာတွေ့မယ်လို့လဲ ကတိပေးပါ။

📍 သားသားမီးမီးတို့ရဲ့ခံစားချက်တွေကိုနားထောင်ပေးပါ။

သူတို့ကျောင်းသွားရတာဘယ်အချက်ကခက်ခဲနေသလဲ၊ ကျောင်းမှာရောဘာအခက်အခဲရှိသလဲဆိုတာ မေးမြန်းပေးပါ။ သူတို့လေးတွေရဲ့ခံစားချက်တွေ ဘယ်လောက်သေးငယ်ပါစေ အရေးကြီးတယ်ဆိုတဲ့အတွေးနဲ့ သူတို့လေးတွေရဲ့ခံစားချက်ကိုနားလည်အောင် ကြိုးစားပေးပါ။ သူတို့လေးတွေရဲ့ အခက်အခဲတွေကို ဂရုတစိုက်ဖြေရှင်းပေးပါ။

📍 သားသားမီးမီးတို့ အိပ်ရေး၀ပါစေ။

သူတို့လေးတွေကိုအိပ်ချိန်တိတိကျကျထားပေးပါ။ အထူးသဖြင့်အိပ်ရေး၀အောင်အိပ်ခိုင်းပါ။ ဒါမှလည်း သားသားမီးမီးတို့ စိတ်မကြည်တာတွေမဖြစ်တော့ပဲ ကျောင်းသွားဖို့အခက်အခဲမကြုံစေမှာဖြစ်ပါတယ်။
ဒီအချက်တွေကိုမှီပြီး လူကြီးမိဘတို့က သားသားမီးမီးတို့အပေါ် ဂရုစိုက်ကြည့်ပါ။ သားသားမီးမီးတို့ကျောင်းသွားဖို့ ငြင်းပယ်တာတွေလျော့သွားပါလိမ့်မယ်။

အော်ဒါနဲ့ ညဖက်ကျလည်း နောက်နေ့ကျောင်းတက်ရင် ဘယ်လိုတွေပျော်စရာကောင်းမှာ၊ သူငယ်ချင်းတွေနဲ့ပျော်စရာကောင်းအောင်စာတွေသင်ရမှာ၊ ဆော့ကစားရမှာတွေကို သားသားမီးမီးတို့မအိပ်ခင် ပြောပြလိုက်ပါဦးနော်။ 🙆‍♀️🙆‍♀️🙆‍♀️🙆‍♀️

#Greenwood_knowledge_sharing
The Greenwood Learning Centre
393(3C/3D) ဗိုလ်အောင်ကျော်လမ်း၊ ကျောက်တံတားမြို့နယ်။
09776654975, 09761365558

By admin

Leave a Reply

Your email address will not be published. Required fields are marked *