ကလေး Vs. အချိန် 👶 🆚 ⏱

မျက်မှောက်ခေတ်ကလေးတွေမှာ ကိုယ်ပိုင်အချိန်တွေ နည်းပါးလာကြပြီ။ မနက်ခင်းမိုးလင်းလို့ မျက်လုံးပွင့်လိုက်ကတည်းက ကျောင်းသွားရမယ်။ ကျောင်းတက်ရမယ်။ ကျောင်းက ပြန်လာရင် အိမ်စာလုပ်ရမယ်။ အားကစားတစ်ခုခု သင်ရမယ်။ ဘာသာစကား လည်း သင်ရမယ်။ ဒီလိုနဲ့ ည ဆယ်နာရီလောက်ရောက်ပီဆို သူတို့အတွက် လိုအပ်တာကတော့ အိပ်ရာထဲ ၀င် အိပ်ဖို့ပါပဲ။ ဒါမှသာ နောက်နေ့မနက်ခင်းကတည်း စလုပ်ရမယ့် သူတို့လေးတွေရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို လုပ်နိုင်သွားမှာလေ။
မျက်စိတစ်မှိတ်အတွင်းမှာ အသက် ငါးနှစ်ကလေးလေးက ၁၅ နှစ်အရွယ်လူကြီးလေး ဖြစ်လာနိုင်လို့ အချိန်တွေက ကုန်တာအရမ်းကို မြန်ပါတယ်။ ဒီလိုအချိန်မှာ မိဘတွေအနေနဲ့လည်း ကိုယ့်ရဲ့ သားသမီးတွေကို အချိန်ပေးပြီး သူတို့နဲ့ အတူ ဖြတ်သန်းသင့်ပါတယ်။ အမှန်တရားတစ်ခုအဖြစ်ရော မိဘတွေအတွက် စိတ်ပညာအရ ပါ ရှိနေတဲ့ အရာကတော့
သားသမီးတွေက မိဘတွေနဲ့အတူ တန်ဖိုးရှိတဲံအချိန်တွေ ဖြတ်သန်းချင်တယ် ။ သူတို့တွေ ဘာတွေဖြစ်နေကြတယ်။ ဘာတွေလုပ်နေတယ်ဆိုတာတွေကို သိစေချင်သလို။ သူတို့ဘ၀ထဲက မိဘတွေလည်း ဘာတွေ လုပ်နေတယ်။ ဘာတွေဖြစ်နေတယ် ။ ဘ၀ကို ဘယ်လိုဖြတ်သန်းနေလဲဆိုတာကို သိချင်ကြတယ်။ ဒါမှလည်း မိဘနဲ့ သားသမီးကြားမှာ ရင်းနှီးနွေးထွေးမှုတွေ ပိုမိုရရှိလာမှာပါ။

အချိန်တိုင်းကြီး သားသမီးဘေးမှာ နေမပေးနိုင်တာကို စိတ်ညစ်နေမှာထက်စာရင် ကိုယ့်ဘေးနားရှိတဲ့အချိန်မှာ တန်ဖိုးရှိရှိလေး ဖြတ်သန်းလိုက်တာက နှစ်ဦးနှစ်ဖက် ပိုပြီး နွေးထွေးစေမှာပါ။
သားသမီးတွေနဲ့ အတူရှိနေချိန်မှာ တန်ဖိုးရှိတဲ့အချိန်လေးတွေဖြစ်အောင် ဖော်ပြပါ နည်းလမ်းလေးတွေ အသုံးပြုသင့်ပါတယ်။


၁။ ညစာစားချိန်လေး သီးသီးသန့်သန့် သတ်မှတ်ပြီး ကလေးတွေနဲ့အတူ ညစာစားခြင်း
ညစာ အတူတူစားခြင်းဟာ မိသားစုတစ်ခုအတွက် တန်ဖိုးရှိတဲ့ အချိန်ဖြစ်သလို အရင်းနှီးဆုံး အချိန်ပါပဲ။ တစ်နေ့တာကြုံတွေ့ ဖြတ်သန်း ခဲ့ရသမျှ တွေကို အချင်းချင်းပြန်ပြောပြီး အကြံဉာဏ်တောင်း၊ နားထောင်ပေးတာတွေ လုပ်လို့ရလို့ပါ။ အဲ့လိုပဲ ကလေးတွေနဲ့အတူ ညစာအတူတူစားရင်းနဲ့ သူတို့လေးတွေရဲ့ တစ်နေ့တာ ဘာတွေလုပ်ခဲ့ ဘာတွေဖြစ်ခဲ့ဆိုတာလေးတွေကို ဂရုတစိုက်နားထောင်ပေးရပါ့မယ်။

၂။ သူတို့နဲ့အတူ ညအိပ်ရာဝင်ပုံပြင်ဖတ်ပြပြီး အိပ်ရာဝင်တာ
ညအိပ်ရာဝင်ချိန်ကတော့ ကိုယ့်ရဲ့ ရတဲ့အချိန်လေး ကလေးတွေရဲ့ရတဲ့ အချိန်လေးထဲမှာ ဖြတ်သန်းဖို့ အကောင်းဆုံး အချိန်ပါပဲ ။ သူတို့ လေးတွေနဲ့ အတူ သူတို့ကြိုက်မယ့် သူတို့ အခုလတ်တလောမှာ စိတ်ဝင်စားဆုံးဖြစ်နေတဲ့ အကြောင်းအရာတွေ ပုံပြင်တွေ ဖတ်ပြပြီး သူတို့နဲ့ အတူ အိပ်ရာဝင်သင့်ပါတယ်။

၃။အတူတူရှိနေတဲ့ အချိန်မှာ ပျော်စရာ ကစားနည်းလေးတွေ အတူတူဆော့ခြင်း
ကလေးတွေနဲ့ အတူရှိတဲ့အချိန်တွေမှာ သူတို့ စိတ်ကြိုက် ကစားနည်းတွေ အတူတူ ကစားသင့်ပါတယ်။ ကစားနည်းတစ်ခု ကစားတော့မယ်ဆိုရင် ညွန်ကြားချက်အကုန်လုံးကို ကလေးတွေကို လိုက်နာပါစေ။ ဒါမှ သူတို့ရဲ့ ဘာသာစကားဖွံ့ဖြိုးမှု ၊ မှတ်သားနိုင်မှု၊ လိုက်နာနိုင်မှု၊ ကစားနည်းအပေါ် စိတ်ဝင်စားမှု ကစလို့ တဖြည်းဖြည်း ဘယ်လောက်ကျွမ်းကျင်လာပြီလဲဆိုတာကို မြင်ရမှာဖြစ်ပါတယ်။

၎။ အားလပ်ရက်တွေမှာ အနီးနား ပတ်ဝန်းကျင်ကို ပျော်ပွဲစား ထွက်တာဖြစ်ဖြစ်၊ အလည်ပတ်လိုက်ပို့တာဖြစ်ဖြစ် လုပ်ပေးခြင်း
ကိုယ့်ရဲ့ အားလပ်ရက်နဲ့ ကလေးတွေရဲ့ အားလပ်ရက်တိုက်ဆိုင်တဲ့အခါ သူတို့လေးတွေနဲ့ အတူ အိမ်နဲ့ နီးနီးနားနား ပန်းခြံမှာ ပျော်ပွဲစားထွက်တာဖြစ်ဖြစ်၊ ရေသွားကူးတာဖြစ်ဖြစ် ဒါမှမဟုတ် အရမ်းမဝေးလွန်းလှတဲ့နေရာတွေကို ၁ ညအိပ် ခရီး ထွက်တာဖြစ်ဖြစ် လုပ်ပေးသင့်ပါတယ်။

၂၁ ရာစု ကာလ ခေတ်တွေမှာ မိဘတွေကလည်း မအားလပ်ကြတော့သလို သားသမီးတွေကလည်း မအားလပ်ကြတော့ပါဘူး။ ဒီလိုနဲ့ တဖြေးဖြေး ဖြတ်သန်းသွားရင် သားသမီးတွေကလည်း မိဘတွေဆီက နွေးထွေးမှုတွေ မရသလို မိဘတွေကလည်း ကိုယ့်သားသမီး အခြေနေမှန်တွေကို မသိနိုင်တဲံ့ အထိ ဖြစ်နိုင်ပါတယ်။ ဒါကြောင့်မို့ မအားတဲ့အချိန်လေးထဲက မိမိရဲ့ ရင်သွေးလေးတွေအတွက် အတတ်နိင်ဆုံး အချိန်ပေးပြီး ပေးတဲ့အချိန်လေးတွင်းမှာ တန်ဖိုးရှိတဲ့ အချိန်လေးဖြစ်အောင် ကြိုးစားကြပါလို့တိုက်တွန်းပါတယ်။

သားသားမီးမီးတို့နှင့်အတူ အမှတ်တရအချိန်များဖန်တီးနိုင်ပါစေ။
Team Greenwood
The Greenwood Learning Centre

By admin

Leave a Reply

Your email address will not be published. Required fields are marked *