မိုးရာသီနဲ့ ကလေးတို့အတွက် သွေးလွန်တုပ်ကွေး သတိပြုစရာ
Source – World Health Organization Myanmar
Download File – https://bit.ly/2XLXwb5

မိုးရာသီရောက်လာတာနဲ့ အမျှ ကလေးတွေအတွက် စိတ်ပူရမှာကတော့ မိုးရာသီနဲ့ အတူ အများဆုံး ဖြစ်ပွားလေ့ရှိတဲ့ သွေးလွန်တုပ်ကွေး၊ ရိုးရိုးတုပ်ကွေး စတဲ့ ကျန်းမာရေးဆိုင်ရာ ရောဂါတွေပါပဲ။ ဒီထဲမှာ အဖြစ်များပြီး ကြောက်စရာကောင်းတာကတော့ သွေးလွန်တုပ်ကွေး ပါပဲ။ ဒီတုပ်ကွေးက ကလေးတွေ အဓိကအားဖြင့် အသက် ၁၅ နှစ်အောက် ကလေးတွေဆီကို အဓိက ထားပြီး ကူးစက်နိုင်ပြီး ခြင်ကနေ တဆင့် ကူးစက်စေတဲ့ ရောဂါ တစ်မျိုးဖြစ်ပါတယ်။ သွေးလွန်တုပ်ကွေးရောဂါဟာဆိုရင် မြန်မာနိုင်ငံအတွင်း ဇူလိုင်လ နဲ့ သြဂုတ်လ(မိုးရာသီ) အဖြစ်များပါတယ်။ ပြင်းထန်တဲ့ သွေးလွန်တုပ်ကွေးရောဂါဟာဆိုရင် ကလေးများအတွက် အသက်သေဆုံးနိုင်တဲ့အထိခြိမ်းခြောက်နေတဲ့ရောဂါဖြစ်လို့ မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ် နေထိုင်သင့်ပါတယ်။ အခုဆိုရင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကနေလည်း သွေးလွန်တုပ်ကွေးနဲ့ ပတ်သတ်တဲ့ အသိပညာပေး အကြံပြုချက်များ ကို အစဉ်မပြတ် ထုတ်ပြန်ပေးလျက်ရှိပါတယ်။

သွေးလွန်တုပ်ကွေးရောဂါ လက္ခဏာတွေကတော့
-အဖျားကြီးခြင်း
-ပြင်းထန်စွာ ခေါင်းကိုက်ခြင်း
-ပြင်းထန်စွာ ဗိုက်အောင့်ခြင်း
-ကြွက်သားနဲ့ အဆစ်များ နာကျင်ခြင်း
-ခန္ဓာကိုယ်တွင် အနီကွက်များထွက်ခြင်း
-ပျို့ခြင်း၊ အန်ခြင်း
-မျက်လုံးနောက်တွင် နာကျင်ခြင်း တို့ဖြစ်တတ်ပါတယ်။ ဒီလို ရောဂါ လက္ခဏာတွေ ဖြစ်လာခဲ့ပြီး သံသယရှိတယ်ဆိုရင်တော့ နီးစပ်ရာ ဆရာ၀န် နဲ့ ကျန်းမာရေး ကျွမ်းကျင်သူတွေနဲ့ တိုင်ပင် အကြံဉာဏ် ရယူပြီး ရောဂါ ရှိမရှိ စစ်ဆေးသင့်ပါတယ်။
သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ဖို့ မိဘတွေအနေနဲ့ ဘာတွေလုပ်ဆောင်ရမလဲဆိုတာကို ထပ်ဆင့်ဖော်ပြပေးလိုက်ပါတယ်။
၁။ သွေးလွန်တုပ်ကွေးရောဂါဖြစ်စေမည့် ခြင်များမှာရေကြည်၊ ရေသန့်တွင် အဓိကပေါက်ပွားလေ့ရှိကြသဖြင့် မိမိတို့အိမ်ရှိ သောက်ရေအိုးများကို လုံခြုံစွာထားရန်နှင့် ရေစစ်များ၊ ရေခိုကပ်နိုင်သော နေရာများကို အမြဲ သန့်ရှင်းရေး ပြုလုပ်ပေးပါ။
၂။ အိမ်အနီးနားပတ်၀န်းကျင်တွင် ရေမ၀ပ်ရန် ပြုလုပ်ပါ။ ခြင်၊ယင် မပေါက်ပွား စေရန် ရေစီးရေလာ ကောင်းအောင် ပြုလုပ်ပါ။
၃။ ဘုရားစင်ရှိပန်းအိုးများကို နေ့စဉ် (သို့) တစ်ရက်ခြားတခါရေလဲပေးပါ။
၄။ ခြင်မှ တဆင့် ကူးစက်သော တုပ်ကွေးရောဂါဖြစ်သဖြင့် မိမိတို့ ကလေးများကို ခြင်ကိုက်ခံခြင်းမှ ကင်းေ၀းရန် အတတ်နို်င်ဆုံး စောင့်ရှောက်ရန်။
သွေးလွန်တုပ်ကွေးရောဂါသည် ကုသထုံး သပ်သပ်မရှိသော်လည်း ဖြစ်လာခဲ့မယ်ဆိုရင်လည်း အာဟာရပြည့်အောင် အရည်များများတိုက်ကျွေးပြီး ပဏာမကုသရပါတယ်။ ဘယ်ရောဂါမဆို မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်ခြင်း သည်ကုသခြင်းထက်ထိရောက်မှုရှိကြောင်း ထပ်လောင်းသတိပေးလိုက်ရပါသည်။

မိသားစုများအားလုံး အနာရောဂါကင်း၍ပျော်ရွှင်ပါစေ။
Team Greenwood
The Greenwood Learning Centre

By admin

Leave a Reply

Your email address will not be published. Required fields are marked *